ကြက်ခြေနီအမှတ်အသာ လွဲမှားစွာအသုံးပြုနေမှုအပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ သဘောထား
လူမှုရေးအကူအညီပေးရန် သို့မဟုတ် စီးပွားရေးအကျိုးအမြတ်နှင့် အခြား ရည်ရွယ်ချက်များကြောင့် အသင်းအဖွဲ့များနှင့် တစ်ဦးတစ်ယောက်ချင်းတို့က ကြက်ခြေနီအမှတ်အသားကို လွဲမှားစွာအသုံးပြုနေမှုများ ပိုမိုများပြားလာ သဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်များစွာ စိုးရိမ်ပူပန်လျက် ရှိပါသည်။
ကြက်ခြေနီအမှတ်အသားကို ကမ္ဘာအရပ်ရပ်ရှိ အမျိုးသားကြက်ခြေနီ အသင်းများက ကြားနေခြင်းနှင့် ခွဲခြားမှုမရှိခြင်းအမှတ်အသား အဖြစ် လည်းကောင်း၊ ကိုယ်စားပြုရန်နှင့် အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် လည်းကောင်း အသုံးပြုနေပါသည်။ ကြက်ခြေနီ အမှတ်အသားအသုံးပြုပုံကို ၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက်များနှင့် ၄င်း၏နောက်ဆက်တွဲ သဘောတူညီချက်များတွင် ပြဌာန်းထားပါသည်။
ယေဘုယျအားဖြင့် ကြက်ခြေနီအမှတ်အသားကို ကိုယ်ပိုင် ဆေးခန်း/ဆေး ဆိုင်များ ၏ အမှတ်တံဆိပ် အနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၀န်ဆောင်မှုအမှတ်အသား အနေဖြင့်သော် လည်းကောင်း မကြာခဏ ရောထွေး နေတတ်ပါသည်။
`ကြက်ခြေနီအမှတ်အသားကို သုံးစွဲခွင့်မရှိဘဲ သုံးနေကြတဲ့လူတချို့တို့ ရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ နှစ်ပေါင်းများစွာအားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ဂုဏ်သိက္ခာထိခိုက်မှာကိုကျွန်တော်တို့အနေနဲ့စိတ်ပူပါ တယ်။´ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခ
ဒေါက်တာသာလှရွှေက ပြောသည်။`ဒီလို ဆောင်ရွက်နေကြခြင်းဖြင့် အဲဒီ
ယုံကြည်မှုတွေဟာ မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်´ ဟု လည်း ဥက္ကဌ က ဆက်လက် ပြောကြားခဲ့သည်။
အကာအကွယ်ပေးသည့်အမှတ်အသားအားလွဲမှားစွာသုံးနေခြင်းကို ရှောင်ရှားရန် အများပြည်သူတို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက မေတ္တာရပ်ခံ အပ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများအကြောင်းကို ပိုမိုသိရှိကြရန်ဆန္ဒရှိကြ သောအများပြည်သူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၀က်ဘ်ဆိုက် www.myanmarredcrosssociety.org သို့၎င်း၊ သို့မဟုတ် ကြက်ခြေနီ သင်္ကေတအသုံးပြုခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ သိရှိလိုပါက အောက်ပါဝက်ဘ်ဆိုက် http://www.icrc.org/eng/ war-and-law/ emblem/index.jsp သို့၎င်း ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ဆက်သွယ်ရန်-
ဒေါ်ရွှေစင်မြင့်
ဌာနမှူး (ပြန်ကြားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး)
မြန်မာနိုင်ငံကြက်ခြေနီအသင်း
ဖုန်း - (၀၉) ၈၅၅၃၂၈၄၊ (၀၁) ၃၉၂၀၂၈ (လိုင်းခွဲ - ၁၁၅)
ဖက်စ် - (၀၁) ၃၈၃ ၆၈၅
Email - com1@myanmarredcross.org.mm
No comments:
Post a Comment